ဟေတုပစ္စည်း

ပဋ္ဌာန်းတရားတော်ကြီးအကြောင်း မိုးညှင်းတောရ ဆရာတော်ကြီးရေးသားပြုစုထားသော
“ပဋ္ဌာန်းဝိပဿနာကျင့်စဉ်တရားတော်ကြီး”စာအုပ်မှ ဖတ်ရှုရင်းဖြင့် သဒ္ဓါတရားတို့ တဖွားဖွား ဖြစ်ပေါ်လာရသလို ဆရာတော်ကြီးရှင်းပြထားတဲ့ စာပဋ္ဌာန်း၊ ရွာပဋ္ဌာန်းနဲ့ ငါပဋ္ဌာန်းဆိုတာကိုလည်း အထူးသဘောကျလှသဖြင့် ခုလို ဖတ်မိသမျှ ပြန်လည်ရေးချ မှတ်တမ်းတင်မိပါတော့သည်။
ပဋ္ဌါန်းအဓိပ္ပါယ်ကား အထူးထူး အပြားပြားသော အကြောင်းပစ္စည်းတရားတွေ(သို့) အကျိုးတရားတို့၏ တည်ရာဖြစ်သော(၂၄)ပါးသော အကြောင်းတရားတို့ကို ပဋ္ဌါန်းဟုဆိုအပ်၏။
ရှေးဦးစွာ ဟေတုပစ္စည်းကို စာပဋ္ဌာန်း၊ ရွာပဋ္ဌာန်း၊ ငါပဋ္ဌာန်းခွဲ၍ ရှင်းပြထားပေသည်။
ဟေတုပစ္စည်း
၁။ စာပဋ္ဌာန်း
“ဟေတုပစ္စယောတိ ဟေတူဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။”
ဒါသည် စာပဋ္ဌာန်းတည်း။
၂။ ရွာပဋ္ဌာန်း
(၁) လော ဒေါ မောဟ၊ မိုက်မှားနေ၊ မှတ်လေ ဟေတုကြောင်းရင်းစု။
(၂) အလော အဒေါ အမောသုံးထွေ၊ ကောင်းမြတ်နေ၊ မှတ်လေဟေတုကြောင်းရင်းစု။
(၃) ဟေတုပစ္စယဖြစ်ပျက်ကြ၊ အနိစ္စစုမြင်အောင်ရှု့။
ဟူသော ဤမြန်မာစကားကို အကျဉ်းချုပ်ပြဆိုသော ထိုဟိတ်ခြောက်ပါးတို့အရကား လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်အားဖြင့် ခြောက်ပါးတို့တည်း။ ဤခြောက်ပါးတို့ကို မြန်မာပြန်သော် လိုချင်သည့်အကြောင်း(လောဘ)၊ ပြစ်မှားသည့်အကြောင်း(ဒေါသ)၊ တွေဝေသည့်အကြောင်း(မောဟ)၊ မလိုချင်သည့်အကြောင်း (အလောဘ)၊ မပြစ်မှားသည့်အကြောင်း(အဒေါသ)၊ မတွေဝေသည့်အကြောင်း(အမောဟ) တို့တည်း။ ဤခြောက်ပါးတို့ကား ရွာပဋ္ဌာန်းစကားတို့တည်း။

၃။ ကဲ ငါပဋ္ဌာန်းလေး ဆက်ကြပါဦးစို့။
လူမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ မနောပေါက်ရယ်လို့ ဒွါရခြောက်ပေါက်ရှိတယ်နော်။ အဲလိုပဲ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံရယ်ဆိုပြီး အာရုံခြောက်ပါးရှိတယ်။ အဲဒီ ဒွါရနဲ့ အာရုံတို့တွေ့ထိလေသော် ဖြစ်ပေါ်လာတဲ့ ၀ီထိစိတ်အစဉ်အတန်းကလည်း နှစ်မျိုး။ ပဉ္စဒွါရ၀ီထိနဲ့ မနောဒွါရ၀ီထိဆိုပြီးပေါ့။ ထိုဝီထိစိတ်အစဉ်အတန်းတွင် ဇောတွေစောကြတယ်။ ပဉ္စဒွါရ၀ီထိမှာ ကာမဇောစောပြီး မနောဒွါရ၀ီထိမှာတော့ ကာမဇောရော အပ္ပနာဇောပါစောပါတယ်။ အဲဒီဇောတွေကလည်း ကုသိုလ်ဇော၊ အကုသိုလ်ဇောနဲ့ ကြိယာဇောရယ်လို့ (၃)မျိုးရှိကြတဲ့နေရာမှာ ကြိယာဇောကတော့ ဘုရားရဟန္တာတို့မှာသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ကြွင်းတဲ့ ကုသိုလ်ဇောနဲ့ အကုသိုလ်ဇောတွေက ပုထုဇဉ်နဲ့ သေက္ခတို့တွင် ဖြစ်ကြတယ်ပေါ့။
အကယ်၍ ယောနိသောမနသိကာရလို့ဆိုတဲ့ နှလုံးသွင်းလည်းမှန်မယ်။ သံဝရကလျာဏမိတ္တ ဆိုတဲ့ စောင့်စည်းမှုလည်းရှိမယ်ဆိုရင် ကုသိုလ်ဇောတွေ စောကြပြီး အထက်သို့ အတက်သဘော၊ အဆန်သဘော၊ အလင်းသဘောသို့ ရောက်အောင် ကြံဆောင်နိုင်ကြတာပေါ့။
အဲလိုမဟုတ်ပဲ အယောနိသောမနသိကာရဆိုတဲ့ မသင့်မတင့်နှလုံးသွင်းမယ်။ ဆိုလိုတာ နှလုံးသွင်းကလည်းမှား။ အသံဝရဆိုတဲ့ စောင့်စည်းမှုကလည်းမရှိဆိုရင်တော့ အဲဒီပုဂ္ဂိုလ်မှာ အကုသိုလ်ဇောတွေစောပြီးသကာလ အနိမ့်သို့ကျခြင်း၊ အောက်သို့စုန်ခြင်း၊ အမိုက်မှောင်ဖြစ်ခြင်းတို့ တွေ့ကြုံကြရမှာပေါ့။
သတ္တ၀ါအစားစားတို့ရဲ့ ဓမ္မတာတရားက များသောအားဖြင့် ကောင်းသောအာရုံကိုမြင်တဲ့အခါ လိုချင်မှုဖြစ်ကြတယ်။ ဒါသည်ပင် လောဘဟိတ်နဲ့ မောဟဟိတ်တို့ ရေသောက်မြစ်အဖြစ် ကျေးဇူးပြုပြီ နော်။ ဘာလို့လိုချင်သလဲ အယောနိသောမနသိကာရ(မသင့်မတင့်နှလုံးသွင်းမိခြင်း)နဲ့ အသံဝရ (မစောင့်စည်းခြင်း)တို့က အဓိကပေါ့။ အဲဒီအချက်နှစ်ချက်ညီတာနဲ့ အကုသိုလ်ဟိတ်တွေ ခေါင်းထောင် ခွင့်ရပြီးသကာလ လိုချင်လာရင် လောဘဟိတ်+မောဟဟိတ်တို့ လက်ချင်းချိတ်မိပြီ။ အဲကနေမှ ထိုပုဂ္ဂိုလ်ရဲ့ ကိုယ်အမူအယာ၊ နုတ်အမူအယာ၊ စိတ်အမူအယာတို့က လောဘဒါရိုက်တာကြီး အလိုကျ အတိုင်း အကျိုးပစ္စုယုပ္ပန်အနေနဲ့ အကုသလအစားစား ငါပဋ္ဌာန်းတွေ ဆက်ကာဖြစ်ပွားကြကုန်တာပါပဲ။
ခု သင်္ကြန်တွင်းမို့ အာရုံမျိုးစုံတွေမယ်။ လျှပ်ပေါ်လော်လီတဲ့အာရုံမျိုးတွေတွေ့ပြန်တော့ ဘယ့်နှယ့်ဖြစ်။ ကိုယ့်စိတ်ကိုယ်အကဲခတ်ကြည့်ပေါ့။ လိုချင်မှုလောဘဖြစ်ရင် မျက်လုံးတွေအရောင် တောက်လာမယ်။ ပါးစပ်ကြီးဖြဲပြီး စပ်ဖြီးဖြီးတွေဖြစ်လာပြီ။ ဒါကိုက မနောမှာ လောဘဟိတ်နဲ့ မောဟ (အပြစ်ကိုမမြင်ခြင်း)ဟိတ်တို့ လက်ချင်းချိတ်မိနေပေါ့ဆိုတာ မြင်တာနဲ့ တန်းသိနိုင်ပါတယ်။ အော် ဒီဟိတ်နှစ်ဟိတ်ဆိုတဲ့ ရေသောက်မြစ်အကြောင်းတရားတို့ကြောင့် ခုလို ကိုးရိုကားယား ပုံပျက်ပန်းပျက် အကျိုးပစ္စယုပ္ပန်တရားတွေ ထွက်လာရတာပါလားလို့ အကြောင်းနဲ့ အကျိုး ဆက်စပ် မိတာသည် “ငါပဋ္ဌာန်း” တနည်းပြောရင် အကုသလအစားစား ငါပဋ္ဌာန်းတရားတို့ ဖြစ်ပွားကုန်ပေါ့လို့ သိနိုင်ပါတယ်။ ဒါက လိုချစ်စရာအာရုံပေါ်မှာ ငါပဋ္ဌာန်းဆက်နေပုံပေါ့။
နောက်တစ်ခါ မနှစ်မြို့စရာအာရုံနဲ့ တွေ့တဲ့အခါ ဘယ့်နှယ့်ဖြစ်သလဲ။ ကိုယ့်စိတ်အစဉ်ကိုယ် ပြန်စောင့်ကြည့်ကြည့်ပါ။ စိတ်တိုတယ်။ ဒေါသထွက်တယ်။ ဒီတော့ စိတ်မှာပူလောင်မှုတွေ စလာပြီ။ ဟော ဒါသည်ပင် ဒေါသဟိတ်နဲ့ မောဟဟိတ်တို့ လက်ချင်းချိတ်ပြီလို့ တန်းသိပေတော့။ အဲကနေမှ ကိုယ်အမူအယာတွေ ကြမ်းတမ်းခက်ထန်လာပြီ။ နုတ်ကလည်း ဆဲဆိုမှုတွေ လုပ်လာပြီ။ ဟောကြည့်စမ်းပါဦး။ ငါပဋ္ဌာန်းတွေဆက်နေလိုက်တာ။ ဒီကိုယ်နုတ်စိတ် သုံးပါးရဲ့ အမူအယာကို ကြည့်တာနဲ့တင် ဒီလူမှာ ဘာပဋ္ဌာန်းတွေဆက်နေသလဲ သိနိုင်တယ်နော်။ ခုကတော့ဖြင့် အကုသိုလ် အစားစား ငါပဋ္ဌာန်းပွားပုံများကို မြင်မိနေတာပေါ့။ သူများကြည့်လည်းသိနိုင်သလို၊ ကိုယ့်ကိုယ်ကို အကဲခတ်ကြည့်ရင်လည်း တန်းနေတဲ့ စိတ်အစဉ်မှာ ကုသိုလ်ဇောတွေလား အကုသိုလ်ဇောတွေလား ဆိုတာ စီတန်းပြီး အတိုင်းသား သိနိုင်တာသည် “ငါပဋ္ဌာန်း”ပဲပေါ့။
အင်း တစ်ခါတရံကျပြန်တော့ လူက ထုံပေပေ။ ဘာမှလုပ်ချင်စိတ်မရှိ။ စိတ်မပါလက်မပါဖြစ် နေတတ်တယ်။ အဲဒီအခါ ငါပဋ္ဌာန်းဆက်ကြည့်မယ်နော်။ စိတ်အစဉ်မှာ ပျံ့လွင့်မှု ဥဒ္ဓစ္စ၊ သို့လော သို့လောတွေးတောမှု ၀ိစိကိစ္ဆာ အစားစားတို့ ဖြစ်ပွားတာရဲ့ အရင်းခံသည် မောဟဟိတ်တစ်ခုတည်း သော ရေသောက်မြစ်မှသည် အားကြီးစွာ ထောက်ထားလိုက်တာ။ လူက မထုံတတေး၊ မတုန်မလှုပ်။ တွေတွေဝေေ၀၊ ငေးငေးငေါင်ငေါင်နဲ့။ ဖြစ်နေပြီ။ ပြနေပြီနော်။ ဘယ်အကြောင်းတရားလည်း မြင်ကြည့် လိုက်တော့ မောဟဟိတ်ရေသောက်မြစ်ကြီး အလုပ်လုပ်နေရှာပေါ့။ ဒီမောဟစက်ရုံကထုတ်ပေးနေတဲ့ ကိုယ်အမူအယာ၊ နုတ်အမူအယာ၊ စိတ်အမူအယာတွေသည်ပင် မောဟစက်ရုံထုတ်အကျိုးပစ္စယုပ္ပန် တရားများပါလားရယ်လို့ အကုသလ အစားစား “ငါပဋ္ဌာန်းတွေ” ဆက်မိနေပေါ့။
ဒီတော့ အကုသိုလ်ဇောတွေစောပြီးရင်းစောရခြင်းသည် အယောနိသောမနသိကာရဆိုတဲ့ မသင့်မတင့် နှလုံးသွင်းခြင်းနဲ့ အသံဝရဆိုတဲ့ မစောင့်စည်းခြင်းတို့ကြောင့်ဆိုတာလေး သတိထားစရာ ပါ။ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာဆိုတဲ့ ကောင်းတဲ့တရားတွေနဲ့ စောင့်ရှောက်လေ့ကျင့်ခြင်း မရှိသူအတွက် ကောင်းတဲ့အာရုံတွေ့ရင် လိုချင်မယ်။ (လောဘ+မောဟ)။ မကောင်းတဲ့အာရုံတွေ့ရင် ဒေါသတွေဖြစ်မယ်။(ဒေါသ+မောဟ)။ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်းမဟုတ်၊ သာမန် အာရုံမျိုးတွေ့ရတဲ့အခါတွေဝေမှိန်းမောနေမယ်။ (မောဟ)။ ဒါတွေပဲ လှည့်ဖြစ်လို့ အာရုံဒွါရတိုက်တိုင်း အကုသိုလ်အစားစား ငါပဋ္ဌာန်းယန္တရားတွေ ဆက်ကာလည်နေပါလားဆိုတာ ခုမှ မြင်တတ်လာပါပြီ။
ဒီနေ့တော့ဖြင့် အကုသိုလ်အစားစား“ငါပဋ္ဌာန်း”နဲ့တင် မောသွားပြီမို့ နောက်နေ့မှ ကုသိုလ်အစားစား “ငါပဋ္ဌာန်း”တို့ ဆက်ကြရအောင်လား။

စောသဇင်(မန္တလေး)

Leave a comment